စင်ကာပူနိုင်ငံရှိ အဆင့်မြင့်ပညာရေးလမ်းကြောင်းများနှင့်ပတ်သက်ပြီး ဆွေးနွေးပြောဆိုကြသည့်အခါတွင် မြန်မာကျောင်းသူ၊ကျောင်းသားများနှင့် မိဘများအတွက် စင်ကာပူနိုင်ငံမှ ပိုလီတက္ကနစ်ကျောင်းများတွင် သင်ကြားပေးလျက်ရှိသော ဘာသာရပ်များနှင့် ဝင်ခွင့်အကြောင်းအရာများသည်လည်း နှစ်စဉ် မပါမဖြစ် ဖြစ်ပါတယ်။ သို့ဖြစ်ရာ ယခု ပညာရေးဆိုင်ရာ ဆောင်းပါးတွင် စင်ကာပူနိုင်ငံရှိ ပိုလီတက္ကနစ်ကျောင်းများ အကြောင်း အကြမ်းဖျင်းသိရှိနိုင်စေရန် ဆက်လက်မျှဝေပေးသွားပါမယ်။
စင်ကာပူနိုင်ငံရှိ ပိုလီတက္ကနစ်ကျောင်းဆိုတာ ဘာလဲ။
စင်ကာပူနိုင်ငံတွင် ပိုလီတက္ကနစ်ကျောင်း (၅)ကျောင်း ရှိပြီး အဆိုပါကျောင်းများမှာ –
1. Nanyang Polytechnic (NYP)
2. Ngee Ann Polytechnic (NP)
3. Singapore Polytechnic (SP)
4. Temasek Polytechnic (TP) နှင့်
5. Republic Polytechnic (RP) တို့ ဖြစ်ပါတယ်။ လက်တွေ့ကိုအခြေခံတဲ့ သင်ယူမှုပုံစံများနဲ့အလေးထားသင်ကြားပေးကြပြီး ဘာသာရပ်တိုင်းရဲ့ လက်တွေ့သင်ရိုးတွေထဲမှာ ရက်သတ္တပါတ် (၆)ပါတ်မှ စတင်ကာ (၈)ပါတ်အထိ ကြာမြင့်တဲ့ အလုပ်သင်ခန်းစာတွေ တွဲဖက်ပါရှိပါတယ်။
စင်ကာပူနိုင်ငံတွင် (၃)နှစ်ကြာ တက်ရောက်သင်ကြားပြီးနောက် ဒီပလိုမာလက်မှတ် ရရှိနိုင်မယ့် အဆိုပါ ပိုလီကျောင်းများဟာ လုပ်ငန်းခွင် လိုအပ်ချက်နှင့်ကိုက်ညီမှုရှိအောင်၊ အလုပ်အကိုင်ရရှိနိုင်အောင် ရည်ရွယ်ပြီး ထပ်မံသင်ယူမှုတွေ လုပ်နိုင်အောင် ပြင်ဆင်ပေးထားတာပဲ ဖြစ်ပါတယ်။
ပိုလီတက္ကနစ်ကျောင်းများတွင် ဒီပလိုမာ (၃)နှစ်တက်ရောက်သင်ကြားပြီးစီးသည့်အခါ ဝင်ခွင့်ဆိုင်ရာ အရည်အချင်း ပြည့်မီသော ကျောင်းသားများကို Bachelor Degree အတွက် National University of Singapore (NUS), Nanyang Technological University (NTU), Singapore Management University (SMU), Singapore University of Technology and Design (SUTD), Singapore Institute of Technology (SIT), Singapore University of Social Sciences (SUSS) တို့တွင် (၃)နှစ်ကြာ ဆက်လက်သင်ကြားခွင့်ပြီးနောက် Bachelor Degree ကို ရရှိနိုင်မှာဖြစ်ပါတယ်။
နိုင်ငံတကာ ကျောင်းသူ၊ကျောင်းသားများအတွက် စင်ကာပူ အစိုးရတက္ကသိုလ်များ၏ admission ရရှိနိုင်ရန် ခက်ခဲမှု (Quota System) အပါအဝင် ကျောင်းလခကြီးမြင့်မှုနှင့် ဝင်ခွင့်ယှဉ်ပြိုင်လျှောက်ထားရာတွင် အကြောင်းကြောင်းကြောင့် ဝင်ခွင့်မရရှိခဲ့ပါကလည်း စင်ကာပူနိုင်ငံအတွင်းရှိ ပုဂ္ဂလိကကျောင်းများတွင် ဆက်လက်တက်ရောက်သင်ကြားပြီးနောက် UK, USA, Australia အစိုးရတက္ကသိုလ်များမှ ပေးအပ်သည့် Bachelor Degree ကို ရယူနိုင်တဲ့ ပညာရေးလမ်းကြောင်းများလည်း ရှိနေပါတယ်။
ပိုလီတက္ကနစ်ကျောင်းများ၏ ဝင်ခွင့်နှင့် ကျောင်းလခများ –
စင်ကာပူနိုင်ငံရှိ ပိုလီတက္ကနစ်ကျောင်း (၅)ခုလုံးက နှစ်စဉ် April intake အတွက် ဝင်ခွင့်လက်ခံ သင်ကြားပေးလေ့ရှိပြီး ပိုလီတက္ကနစ်ကျောင်းများကို ဝင်ရောက်နိုင်တဲ့ အဓိက ပညာရေးလမ်းကြောင်း (၂)ခု ရှိပါတယ်။
ပထမ ပညာရေးလမ်းကြောင်းတခုကတော့ – မြန်မာဆယ်တန်း(စနစ်ဟောင်း) သို့မဟုတ် မြန်မာဆယ့်နှစ်တန်း (စနစ်သစ်) +IELTS ရမှတ်နဲ့ Entrance Exam ဖြေဆို လျှောက်ထားကြတာဖြစ်ပါတယ်။ မြန်မာအထက်တန်း ပညာရေးနဲ့ လျှောက်ထားကြမယ့်ကျောင်းသူ၊ကျောင်းသားတွေကတော့ နှစ်စဉ် October, November ရောက်ရှိပြီဆိုတာနဲ့ ပိုလီတက္ကနစ်ကျောင်းဝင်ခွင့်များကို စတင်ပြင်ဆင်လျှောက်ထားနိုင်ပါတယ်။
မြန်မာဆယ်တန်း/ ဆယ့်နှစ်တန်းမှာ တစ်ဘာသာကို အနည်းဆုံး ရမှတ် ၇ဝ ကျော်နဲ့ IELTS Overall Band Score 6.0 နှင့်အထက် ရရှိထားဖို့လိုအပ်ပြီး Entrance Exam မှာ ဝင်ခွင့်ရမှတ် မပြည့်မီတဲ့ ကျောင်းသူ၊ ကျောင်းသားများအနေနဲ့ IGCSE O level ကို ပြန်လည်ပြင်ဆင်ဖြေဆို လျှောက်ထားတာကိုလည်း စဉ်းစားနိုင်ပါတယ်။
ဒုတိယပညာရေးလမ်းကြောင်းအနေနဲ့ကတော့ IGCSE O level ရမှတ်တွေနဲ့ ပိုလီတက္ကနစ်ကျောင်းဝင်ခွင့် လျှောက်ထားကြတာဖြစ်ပါတယ်။ IGCSE ကျောင်းသူ၊ကျောင်းသားတွေကိုတော့ January မှ February လအတွင်း ဝင်ခွင့် လက်ခံပေးလေ့ရှိပြီး O level တစ်ဘာသာချင်းစီမှာ အနည်းဆုံး Grade C နဲ့ အထက်ရရှိထားရန်လိုပါတယ်။ IGCSE ကျောင်းသူ၊ကျောင်းသားတွေအတွက် အားသာချက်အနေနဲ့ကတော့ မြန်မာအထက်တန်းပညာရေး ပြီးစီးထားတဲ့ ကျောင်းသူ၊ကျောင်းသားများလို Entrance Exam ထပ်ဖြေစရာ မလိုတော့တာပဲဖြစ်ပါတယ်။
ပိုလီတက္ကနစ်ကျောင်းတွေမှာ တက်ရောက်သင်ကြားကြတဲ့အခါ တစ်နှစ်စာကျောင်းလခအနေနဲ့ SGD 25,000 ဝန်းကျင် ကုန်ကျစရိတ်ရှိပြီး ဝင်ခွင့်ရရှိထားပြီးတဲ့ ကျောင်းသူ၊ကျောင်းသားများအနေနဲ့ Tuition Grant ကို Ministry of Education (MOE) ထံမှ လျှောက်ထားနိုင်ပါတယ်။ Tuition Grant ရရှိပါက စာသင်နှစ် တစ်နှစ်ချင်းစီမှာ SGD 10,000 ကျော်ကျော် ကျောင်းလခ သက်သာလျော့ကျနိုင်ပေမယ့် ကျောင်းပြီးပြီးချင်း စင်ကာပူနိုင်ငံမှာ (၃)နှစ် ပြန်ပြီး အလုပ်လုပ်ပေးမယ်ဆိုတဲ့ သဘောတူညီမှု bond ထိုးရတာရှိပါတယ်။
ဘာသာရပ်ဆိုင်ရာသင်ကြားမှုအလိုက် နာမည်ကျော်ကြားသော ပိုလီတက္ကနစ်ကျောင်းများ –
Singapore Polytechnic (SP) အနေနဲ့ စင်ကာပူနိုင်ငံရှိ ပိုလီတက္ကနစ် ကျောင်း (၅)ခုလုံးတွင် Engineering, IT, နှင့် Media ဆက်စပ်ဘာသာရပ်များအတွက် သင်ကြားရေးအကောင်းဆုံး ကျောင်းတခုအဖြစ် အများလက်ခံထားကြပြီး ကျောင်းဝင်ခွင့်ရရှိနိုင်ရန်မှာလည်း ခက်ခဲမှုများပါတယ်။
သီအိုရီဆိုင်ရာ သင်ကြားရေး အတွေ့အကြုံတခုတည်းကိုသာ ပေးနိုင်တာမဟုတ်ဘဲ Hands-on experience များကို အခြေခံကာ မျက်မှောက်ခေတ် လုပ်ငန်းခွင်လိုအပ်ချက်ကို ဖြည့်ဆည်းသင်ကြားပေးနိုင်မှုဖြင့် နာမည်ကျော်ကြားပါတယ်။ ကျောင်းသူ၊ကျောင်းသားများအနေနဲ့ Internship အတွေ့အကြုံကို 6 လမှ 12 လ အထိ ရရှိနိုင်မှာဖြစ်ပါတယ်။
Nanyang Polytechnic (NYP) အနေနဲ့ Nursing, Biomedical Science, and Health Sciences ဘာသာရပ်များအပြင် Interactive Media Design and Product Design ဘာသာရပ်များအတွက်ကိုလည်း real-world projects များဖြင့် သင်ကြားပေးမှုတို့ကြောင့် ကျောင်းသူ၊ကျောင်းသားများအကြား နာမည်ကျော်ကြား လူကြိုက်များပါတယ်။
Temasek Polytechnic (TP) ကတော့ Design, Engineering, Business ဆက်စပ်ဘာသာရပ်များတွင် နာမည်ကျော်ကြားပြီး ကျောင်းသူ၊ကျောင်းသားများအတွက် စာသင်ကြားမှုအပြီး Internship အတွေ့အကြုံများကို 3 လမှ 6 လအထိ ရရှိနိုင်ပါတယ်။
Accountancy, Engineering, IT, Media Arts and Design ဘာသာရပ်များအတွက် Ngee Ann Polytechnic (NP) ကို လျှောက်ထားသင်ယူမှု များပြားလေ့ရှိပြီး ကျောင်းသူ၊ကျောင်းသားများအတွက် design thinking, creativity ကို အလေးထားသင်ကြားပေးမှုတို့ဖြင့် နာမည်ကြီးပါတယ်။ Internship အတွေ့အကြုံကိုတော့ 6 လမှ 12 လ အထိ ရရှိနိုင်မှာဖြစ်ပါတယ်။
Republic Polytechnic (RP) ကိုတော့ Tourism and Hospitality Management, Business, Engineering, Information Technology, Media and Communication ဘာသာရပ်များအတွက် ရွေးချယ်သင်ကြားမှုများကြပြီး Internship အနေဖြင့် ရက်သတ္တပါတ် 6 ပါတ်မှ 12 ပါတ် ကြာလက်တွေ့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။
ပိုလီတက္ကနစ် ကျောင်းဝင်ခွင့်လျှောက်ထားရန်အတွက် လိုအပ်သည့်အရာများ –
1. မြန်မာဆယ်တန်း (စနစ်ဟောင်း) သို့မဟုတ် မြန်မာဆယ့်နှစ်တန်း သို့မဟုတ် O level ကို ထူးချွန်စွာ တက်ရောက်ဖြေဆိုအောင်မြင်ထားပြီး ဘာသာရပ်တခုချင်းစီအလိုက် ရမှတ် ၇ဝ နှင့်အထက်ရရှိထားသူများ၊
2. IELTS Overall Band Score 6.0 နှင့်အထက် သို့မဟုတ် TOEFL 80 နှင့်အထက်ရရှိထားရန်၊
3. Personal statement,
4. Letter of recommendation,
5. Portfolio (ဒီဇိုင်းဘာသာရပ်သင်ကြားလိုသောကျောင်းသူ၊ကျောင်းသားများအတွက် လိုအပ်ပါက ထည့်သွင်းလျှောက်ထားရန်) လိုအပ်ပြီး Early Admission ကို တတ်နိုင်သမျှ အစောဆုံး ပြင်ဆင် လျှောက်ထားသင့်ပါတယ်။ ပဏာမအဆင့် ရွေးချယ်ခံရပါက interviewအတွက် ပြင်ဆင်သည့်အခါတွင်လည်း မိမိတို့၏ ပညာရေးနောက်ခံ၊ future plan (career planအပါအဝင်) များအပြင် ဘာကြောင့် polytechnic ကျောင်းများမှာ တက်ရောက်သင်ကြားလိုရခြင်း ဖြစ်တယ်ဆိုတာများကိုပါ တိကျသေချာ ရှင်းလင်း ကောင်းမွန်စွာ ဖြေဆိုနိုင်ဖို့ကလည်း အရေးကြီးပါတယ်။
ပိုလီတက္ကနစ်ကျောင်းများသို့ လျှောက်ထားလိုသည့်ကျောင်းသူ၊ကျောင်းသားများအနေဖြင့် သက်ဆိုင်ရာ ပိုလီတက္ကနစ် ကျောင်းတခုချင်းစီအလိုက် Official websites များတွင် ဝင်ခွင့်သတ်မှတ်ချက်များကို ကြိုတင်လေ့လာပြင်ဆင်ပြီး မိမိတို့ကိုယ်တိုင် စနစ်တကျပြင်ဆင်လျှောက်ထားနိုင်သလို လိုအပ်ပါက စနစ်တကျ လေ့ကျင့်ပေးလျက်ရှိသော သက်ဆိုင်ရာ ပညာရေးအဖွဲ့အစည်းများကို ဆက်သွယ်ပြီး အကြံဉာဏ်ရယူ ပြင်ဆင်ဖို့ အကြံပြုရေးသား ဖော်ပြလိုက်ရပါတယ်။