News

မကြာခဏမေးကြလွန်းလို့ ပညာသင်ဆုလိုချင်ပါတယ် ဆိုတဲ့သူတွေ အဆင့်ဆင့် မဖြစ်မနေလုပ်ဆောင်ရမဲ့ လမ်းညွှန်ချက်တွေဖြစ်ပါတယ်။

Rule (1) Language.ဘာသာစကားကျွမ်းကျင်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။

ကိုယ်ပညာသင်ဆု လျှောက်ထားလိုတဲ့တိုင်းပြည်က မိခင်ဘာသာစကားကို အဲဒီတိုင်းပြည်က နိုင်ငံသားလောက် တတ်ကျွမ်းလေလေ အဲဒီတိုင်းပြည်မှာ ပညာသင်ဆုရနိုင်ဖို့ နီးစပ်လေလေဖြစ်ပါတယ်။ အင်္ဂလိပ်စာကျွမ်းကျင်မှုကိုတော့ အနည်းဆုံး Intermediate လောက် မဖြစ်မနေရှိထားဖို့ ကြိုးစားပြင်ဆင်ထားရပါမယ်။​ ဒါမှသာ နိုင်ငံတကာမှာ ပညာသင်ဆု သတင်းအချက်အလက်ရှာတဲ့အခါ ပိုပြီးထိရောက်နိုင်ပါလိမ့်မယ်။ IELTS ကိုပြင်ဆင်တာမျိုးကောင်းပေမဲ့ IELTS Score ကောင်းကောင်းရတိုင်း ပညာသင်ဆုကျိန်းသေတာမျိုးမဟုတ်သေးပါဘူး။ အခြားလိုအပ်ချက်များစွာကို ဆက်လက်ဖြည့်ဆည်းရအုံးမှာဖြစ်ပါတယ်။

ဘာသာစကားကျွမ်းကျင်မှုဆိုတဲ့နေရာမှာ English တစ်ခုထဲမဟုတ်ပါဘူး။ ဥပမာ ဂျာမဏီနိုင်ငံမှာ သူတို့အစိုးရတက္ကသိုလ်တွေမှာ အခမဲ့တက်ရောက်နိုင်ဖို့ ဂျာမာန်ဘာသာစကားကျွမ်းကျင်စွာတတ်မြောက်ဖို့လိုပါတယ်။ ဂျပန်အတွက်ဆို ဂျပန်ဘာသာစကား၊​ ကိုရီးယားဆို ကိုရီးယားဘာသာစကားစသဖြင့် ကျွမ်းကျင်စွာ တတ်မြောက်အောင်ကြိုးစားပါ။.ပြီးရင် သက်ဆိုင်ရာနိုင်ငံအစိုးရ အသီးသီးကကျင်းပတဲ့ ဘာသာစကားကျွမ်းကျင်မှုစာမေးပွဲတွေကိုဖြေဆိုပါ (ဥပမာ ဂျပန်ဆိုရင် JLPT, ကိုရီးယားဆိုရင် TOPIK, တရုတ်အတွက်ဆိုရင် HSK စတာတွေပါ )ခြွင်းချက်အနေနဲ့ ထိုင်းလိုနိုင်ငံမျိုးမှာတော့ ထိုင်းစကားတတ်မှ ပညာသင်ဆုလျှောက်လို့ ရတာမျိုး မလိုအပ်တာလဲရှိနိုင်ပါတယ်။

Rule (2) Research

Research လုပ်ပါ။ Research လုပ်ပါဆိုတဲ့နေရာမှာ Google လိုမျိုးကို Key Words တွေနဲ့ ကျွမ်းကျွမ်းကျင်ကျင် ရှာဖွေနိုင်တာမျိုးကို အရင်ကြိုးစားပါ။ Google မှာ ရှာတယ်ဆိုတာလဲ ဘယ်လိုရှာရမယ်၊ ဘယ်လို Key Words တွေနဲ့ ရှာရမယ်ဆိုတာ သိတဲ့သူတွေအတွက် မခက်နိုင်ပေမဲ့ အခုမှ စကောလားရှစ် စရှာမယ့်သူတွေအတွက် Google မှာ ဘယ်လိုရှာဖွေရမှန်းမသိတဲ့လူငယ်တွေလည်း အနည်းနဲ့အများ ရှိနေနိုင်ပါတယ်။

Research လုပ်တဲ့နေရာမှာ ပညာသင်ဆုအများဆုံးပေးတဲ့ (i) တိုင်းပြည်တွေအကြောင်း …(ii) တက္ကသိုလ်တွေအကြောင်း …(iii) ပညာသင်ဆုအဖွဲ့အစည်းတွေအကြောင်း စသဖြင့် ….

Rule (3) Preparation for Scholarships

အထက်ကအချက်တွေသိပြီးမှ ပြင်ဆင်ရမဲ့ Exam, Test တွေကို စပြင်ဆင်ဖို့ကြိုးစားရပါတော့မယ်။ ဘာမှန်းမသိပဲ ပြင်ဆင်နေတာ အချိန်ကုန်ပြီး လိုရာခရီးမရောက်ဖြစ်တတ်ပါတယ်။ ဘယ်တိုင်းပြည်က ပညာသင်ဆုကိုလျှောက်မှာလဲ၊ ဘယ်တက္ကသိုလ်ကိုလဲ၊ ဘယ်လိုပညာသင်ဆုအဖွဲ့အစည်းလဲ အကြမ်းသိရပြီဆို သူတို့ပေးတဲ့ပညာသင်ဆုကိုရဖို့ သူတို့မှာ ဘယ်လိုသတ်မှတ်ချက်တွေရှိလဲ။ ဘယ်လို Test Preparation တွေပြင်ရမလဲ(IELTS/TOEFL/SAT/ACT စသဖြင့်)၊ ကိုယ်မှာရှိထားတဲ့ ပညာရေးနဲ့ လျှောက်လို့ရပြီလား၊ ထပ်ပြင်ဆင်ဖို့လိုသေးလားဆိုတာ အဲဒီတော့မှ ကွဲကွဲပြားပြားသိနိုင်မှာဖြစ်ပါတယ်။.အထူးသတိထားသင့်တာက တက္ကသိုလ်ပညာသင်ဆုကို Undergraduate အတွက် နှစ်ရှည် လျောက်ထားမယ်ဆိုရင်တော့ လေးငါးနှစ်တာခရီးအတွက် ကျောင်းလခ၊နေထိုင်စားသောက်စရိတ်အကုန်ထောက်ပံ့တဲ့ ကမ္ဘာတစ်လွှားပညာသင်ဆုဆိုတာ မပေါများပါဘူး။ ယှဉ်ပြိုင်မှုတွေပြင်းထန်တဲ့အတွက် ကိုယ့်ဘက်က အထူးချွန်ဆုံးပြင်ဆင်ထားဖို့လိုအပ်ပါတယ်။

Rule (4) Goals Setting

ပညာသင်ဆုရှာတဲ့အခါ ဒီအတိုင်း ကိုယ်လိုချင်တာလေး သွားတောင်းလို့မရပါဘူး။ ပညာသင်ဆုတွေ အများအားဖြင့် မေးလေ့ရှိတဲ့အချက်ကတော့ (i) ဘာကြောင့် ပညာသင်ဆုကိုလိုချင်တာလဲ၊(ii) သင်က ဘာကြောင့် ဒီပညာသင်ဆုနဲ့ ထိုက်တန်တယ်လို့ယူဆတာလဲ၊(iii) ဒီပညာသင်ဆုပြီးရင် ဘယ်လိုအသုံးချမှာလဲ ဆိုတာတွေကို တိတိပပ သိရှိပြင်ဆင်ထားဖို့လိုပါတယ်။IT ကိုစိတ်ဝင်စားလို့ IT နဲ့ပညာသင်ဆုလျှောက်မယ်ဆိုရင်၊ ဒီဘာသာရပ်ကိုသင်ယူပြီး ဘယ်လိုပြန်အသုံးချမှာလဲ၊ ကိုယ်ကဘာတွေပြင်ဆင်ထားသလဲ၊ စသဖြင့် ကိုယ်ပညာသင်ဆုလျှောက်မဲ့ဘာသာရပ်တွေရဲ့ သဘောသဘာဝ၊ နယ်ပယ် စတာတွေကိုအသေးစိတ်ပြင်ဆင်ပြီးမှလျှောက်ထားသင့်ပါတယ်။

Rule (5) Beyond Scholarships

ပညာသင်ဆုရတိုင်း အဆင်ပြေကြတာမျိုးလည်းမဟုတ်ကြပါဘူး။​ ဘဝ ခရီးလမ်းကြောင်းဟာ အရှည်ကြီးလျောက်လှမ်းရမှာဖြစ်လို့ သက်လုံကောင်းဖို့လိုပါတယ်။ ပညာသင်ဆုတစ်ခုခုရတဲ့အခါ ကိုယ့်ဘဝတက်လမ်းကို များစွာအထောက်အကူဖြစ်စေသလို အကြောင်းတစ်စုံတစ်ရာကြောင့် ပညာသင်ဆုမရနိုင်သေးရင်လည်း၊ ဘဝတက်လမ်းကိုအထောက်အကူပြုစေမဲ့ ဖြစ်နိုင်သမျှ နည်းလမ်းတွေနဲ့ ပညာဆည်းပူးနိုင်ဖို့ အမြဲရှာဖွေကြိုးစားနေဖို့လိုပါတယ်။

Note: ကူးယူဖေါ်ပြမယ်ဆိုရင် Credit: CROWN Education ဆိုတာလေးထည့်ပေးဖို့မေတ္တာရပ်ပါတယ်။

#crownadvice #crownscholarship

Book Appointment >