Scholarships & News

ကိုယ်တက်ချင်တဲ့တက္ကသိုလ်တွေက စာသင်စရိတ်များနေတဲ့အခါ…ကိုယ့်အိမ်မက်တွေက ဈေးကြီးနေတဲ့အခါ…နိုင်ငံခြားမှာ ပညာသင်ကြားခွင့် မဖြစ်နိုင်တော့ဘူးလို့ထင်ပြီး စိတ်ဓာတ်ကျနေပြီလား… အားမလျော့လိုက်ပါနဲ့။ ကိုယ်နဲ့ ကိုက်ညီမယ့် ပညာသင်ဆုလျှောက်ပြီး ပညာသင်ကြားနိုင်တဲ့ အခွင့်အရေးတွေရှိပါသေးတယ်။ အခုပို့စ်ကတော့ ကိုယ့်အရည်အချင်းနဲ့ ကိုက်ညီမှုရှိတဲ့ ပညာသင်ဆုတွေကို လျှောက်တဲ့အခါ ပြင်ဆင်ထားရမယ့် QS Top Universities က အကြံပြုချက်တချို့ကို ဆီလျော်အောင် ဘာသာပြန်ပေးထားတာမလို့ ကြိုတင်ပြင်ဆင်ထားချင်တဲ့သူတိုင်းအတွက် ထိရောက်မှုရှိမယ်လို့ ယုံကြည်ပါတယ်။

အရင်ဆုံး နိုင်ငံတကာက Scholarshipsတွေ စပြီးလျှောက်တော့မယ်ဆိုရင် –
ဘယ်တက္ကသိုလ်တွေမှာ Scholarship ဘယ်လောက်ပေးနေလဲ… ဘယ်ဘာသာရပ်အတွက်ပေးတာလဲ… စာသင်နှစ် တစ်နှစ်စာအတွက်ပဲလား… ဘွဲ့ရတဲ့အထိ ပေးမှာလား… ကျောင်းဝင်ခွင့်ကဘယ်တော့လဲ… Deadline က ဘယ်နေ့လဲ… ကိုယ်နဲ့ တကယ် ကိုက်ညီမှု ရှိရဲ့လား… လျှောက်မယ်ဆိုရင်ဘယ်လိုစာရွက်စာတမ်းတွေလိုလဲ… Application Form ကို ဘယ်က ယူရမလဲ… ဘယ်လိုပြန်တင်ရမလဲ… စတဲ့ စတဲ့ အချက်တွေကို မလျှောက်ခင် အနည်းဆုံး(၃)လလောက်ကတည်းက ပြည့်ပြည့်စုံစုံ ပြင်ဆင်ထားသင့်ပါတယ်။ Scholarship Deadline နီးမှ အလောသုံးဆယ်လျှောက်ထားတာမျိုးကိုတော့ ရှောင်သင့်ပါတယ်။

၁။ အခုလျှောက်မယ့်ပညာသင်ဆုက ကိုယ်နဲ့ကိုက်ညီမှုရှိရဲ့လားဆိုတာစစ်ဆေးပါ။
ပညာသင်ဆုတွေများတာ မှန်ပေမယ့် ပညာသင်ဆုတိုင်းက ကိုယ်နဲ့ကိုက်ညီမှုရှိချင်မှ ရှိမှာပါ။ ပြောချင်တာက၊ အာဆီယံကျောင်းသား၊သူတွေ/ဖွံ့ဖြိုးဆဲနိုင်ငံက ကျောင်းသား၊သူတွေအတွက် သီးသန့်ပေးတဲ့ပညာသင်ဆုရှိသလို သူ့နိုင်ငံသား/ဥရောပ/ကျန်နိုင်ငံသားတွေအတွက် ပေးတဲ့ ပညာသင်ဆုတွေလည်းရှိနေပါတယ်။ တကယ်လို့ ဒီပညာသင်ဆုက ကိုယ်နဲ့ကိုက်ညီမှုရှိတာ သေချာပြီဆိုရင် အချိန်မဆွဲပါနဲ့…အချိန်မဖြုန်းပါနဲ့… Application Form ပြည့်စုံအောင်တင်ပြီး တတ်နိုင်သမျှ မြန်မြန်သာ လျှောက်ထားပါ။

၂။ ပညာသင်ဆုလျှောက်ဖို့ လိုအပ်တာတွေကို ဖိုင်တစ်ခုထဲမှာ စုစည်းထားပါ။
ကိုယ်နဲ့ ကိုက်ညီတဲ့ပညာသင်ဆုတော့တွေ့ပါရဲ့ … File Upload လုပ်ခါနီးမှ သန်းခေါင်စာရင်း Notary Version ဖိုင်ပျောက်နေတာမျိုး၊ ဘွဲ့လက်မှတ်မူရင်းပျောက်နေတာ၊ Certified True Copy စာရွက်စာတမ်းတွေ လိုနေတာမျိုး မဖြစ်သင့်တော့ပါဘူး။ Onlineကနေ လျှောက်ရတယ်ဆိုရင်လည်း Online Application Form စဖွင့်ပေးတာက မနက် (၉)နာရီ၊ (၉)နာရီ (၁ဝ)မိနစ်လောက်ကျတော့ သတ်မှတ်ဦးရေ ပြည့်သွားပါပြီဆိုတာမျိုး ကြုံဖူးသလားတော့မသိပါဘူး… အဲ့ဒါကြောင့် နေရာတစ်ခုတည်းမှာ သတ်သတ်မှတ်မှတ်မထားရသေးဘူးဆိုရင် အခုကစပြီး စုထားသင့်ပါပြီ။ ဒီတော့မှ ကိုယ်လျှောက်ချင်တဲ့ ပညာသင်ဆုကို သူများထက် အချိန်စောစောကြိုတင်လိုက်နိုင်မှာပါ။

၃။ တကယ်လိုအပ်တဲ့ သတင်းအချက်အလက်ပြည့်စုံပါစေ…
Application formကို Submitလုပ်လိုက်ပြီးမှ တကယ်တမ်း မပါမဖြစ်ပါရမယ့် အကြောင်းအရာတွေ မပါသွားတာမျိုးက Scholarship စစ်ဆေးမယ့်သူတွေဆီ ရောက်သွားတဲ့အခါ ကိုယ့်လိုအပ်ချက်ကြောင့် တကယ် Scholarship ရသင့်ပါလျက်နဲ့ ဒုတိယလူကို အခွင့်အရေးပေးလိုက်တာဆိုရင် နှမြောဖို့ကောင်းပါတယ်။ Application Form မတင်ခင်ကတည်းက မဖြစ်မနေပါရမယ့်အချက်တွေကို အခေါက်ခေါက်အခါခါစစ်ဆေးပြီး Impression ကောင်းကောင်း ရဖို့ကြိုးစားသင့်ပါတယ်။

၄။ ကိုယ့်နာမည်ကို မြင်လိုက်တာနဲ့ မှတ်မိလွယ်အောင်ကြိုးစားပါ…
Scholarship Application ဆိုတာ အလုပ်မှာ Interview တစ်ခုလျှောက်ရတာနဲ့ တော်တော်ဆင်ပါတယ်။ ပြောချင်တာက Impression ကောင်းကောင်းရမယ့် ရေးသားမှု၊ စီစဉ်တကျရှိမှု၊ သန့်ရှင်းသပ်ရပ်မှု၊ စာလုံးပေါင်းမှန်ကန်မှု၊ မီးကျိုးမောင်းပျက်စကားလုံးတွေ မသုံးထားတာ စတာတွေကို ဂရုတစိုက်ပြင်ဆင်ထားမယ်ဆိုရင် ကိုယ့်ရစစ်ဆေးမယ့်သူက ကိုယ့်ရဲ့ Application Form ကိုင်လိုက်ပြီဆိုတာနဲ့ လက်က ပြန်မချချင်လောက်အောင် ရှိနေရင်ပိုကောင်းပါတယ်။

၅။ မှန်ကန်တဲ့ အချက်အလက်တွေဖြစ်ဖို့ ကြိုးစားပါ…
တချို့ကျောင်းသားတွေက ပညာသင်ဆုတော့လျှောက်လိုက်ပါရဲ့… ရလည်းရသင့်ပါရဲ့… ဒါပေမယ့် Application Form ထဲမှာ ပါတဲ့ E-mail Address မှားနေတာမျိုး… ဆက်သွယ်ပေးရမယ့် ဖုန်းနံပါတ်နဲ့ စာတိုက်လိပ်စာ တခုခုမှားနေတာမျိုးဆိုရင် ပညာသင်ဆုတကယ်ရနေပါရဲ့နဲ့ အချိန်မီ အကြောင်းမပြန်နိုင်လို့ နောက်လူကို ထပ်ရွေးလိုက်တာဆိုရင် တော်တော်ဝမ်းနည်းဖို့ကောင်းသလို စိတ်မကောင်းစရာပါ။ ဒါကြောင့် မှန်ကန်တဲ့ အချက်အလက် Data တွေဖြစ်ဖို့ အသေးစိတ်ဂရုတစိုက် ဖြည့်သင့်တယ်လို့ အကြံပြုပါရစေ။

၆။ ကိုယ့်အကြောင်း ဂယဏန သိတဲ့သူကိုပဲ ထောက်ခံချက်ပေးဖို့အကူအညီတောင်းပါ…
ကိုယ်နဲ့ပတ်သက်ပြီး Reference Letter (သို့) ထောက်ခံချက်ပေးမယ့်သူက ကိုယ့်အကြောင်းကို (၁၀၀%) မဟုတ်ရင်တောင် (၇၀%) လောက် သိထားတဲ့သူဖြစ်ဖို့ အရေးကြီးပါတယ်။ Scholarship Application Form တင်လာတဲ့သူတွေအများကြီးထဲမှာ စစ်ဆေးမှုနောက်ဆုံးအဆင့် ရောက်လာပေမယ့် ကိုယ့်ကိုယ်ထောက်ခံချက်ပေးထားတဲ့ ဆရာသမား/သူဌေး/အထက်အရာရှိတစ်ဦးဦးကို ဆက်သွယ်လာတဲ့အခါ Scholarship စစ်ဆေးတဲ့ Board အဖွဲ့ကို အကြောင်းအမျိုးမျိုးကြောင့် စိတ်ကျေနပ်လောက်တဲ့ ထောက်ခံချက်မပေးလိုက်နိုင်ဘူးဆိုရင်လည်း Scholarship ရဖို့ ဆုံးရှုံးသွားနိုင်ပါတယ်။ အဲ့တာကြောင့် ကိုယ့်ကိုယ် ကူညီပေးမယ့်သူက ဘယ်နေ့တွေမှာ အားတတ်သလဲ…အချိန်ဘယ်လောက်ပေးနိုင်သလဲဆိုတာတွေကိုပါ ထည့်သွင်းစဉ်းစားပြီး အကူအညီတောင်းဖို့ လိုပါတယ်။

၇။ သတ်မှတ်ထားတဲ့ Deadline မကျော်ပါစေနဲ့…
ပညာသင်ဆုလျှောက်ထားဖို့ ခေါ်ယူမှုတိုင်းမှာ ဘယ်နေ့ ဘယ်အချိန်နောက်ဆုံးထားပြီး လျှောက်ရမယ်… ဆိုတဲ့အချက်တွေ ပါရှိတတ်ပါတယ်… ဒီ Deadline တွေဆိုတာ အကြောင်းမဲ့သက်သက် သတ်မှတ်ထားတာမဟုတ်တဲ့အတွက် ဖြစ်နိုင်ရင် သတ်မှတ်ရက် မရောက်ခင် (၁)ပါတ်လောက်ကတည်းက တင်ထားနိုင်ရင် ကောင်းပါတယ်။ သတ်မှတ်ထားတဲ့ အချိန်နဲ့ရက် ကျော်ပြီးမှ လျှောက်ထားလာတဲ့သူတွေဆိုရင် ၁၀၀% ပညာသင်ဆုအပြင် နောက်ထပ်အပိုဆောင်းပြီး ပေးချင်တယ်ဆိုရင်တောင် သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေအရ ပေးဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒါကြောင့် သတ်မှတ်ထားတဲ့ Deadline တွေကို ဘယ်လိုအကြောင်းနဲ့မှ မကျော်ဖို့ သေချာဂရုစိုက်ပါ။

၈။ Scholarship လျှောက်တဲ့သူတိုင်း ဘာတွေသတိထားရမလဲ…
ပညာသင်ဆုလျှောက်တော့မယ် ကျောင်းသား/သူအနေနဲ့ အင်္ဂလိပ်စာကျွမ်းကျင်မှုဆိုင်ရာစစ်ဆေးတဲ့ IELTS/TOEFL ရမှတ်တွေမှာ IELTS ဆိုရင် Overall Bandscore (6.5)နဲ့ Individual Bandscore တစ်ခုချင်းစီအနေနဲ့ (6.0)ထက် မနည်းအောင် ကြိုးစားထားသင့်ပါတယ်။ နောက်ပြီး Scholarship လျှောက်ရင် ကျောင်းတစ်ခုတည်း၊အဖွဲ့အစည်းတစ်ခုတည်းကို လျှောက်ထားတာမျိုးမလုပ်ဘဲ တတ်နိုင်သလောက်ကိုယ်နဲ့ ကိုက်ညီမှုရှိပြီး ရနိုင်ခြေအများဆုံး နောက်ထပ် (၂) ခု သို့မဟုတ် (၃) ခုကို လျှောက်ထားသင့်ပါတယ်။ တစ်ခုတည်းကို လျှောက်ထားပြီး မရတဲ့အခါ အချိန်ကုန် လူပင်ပမ်းဖြစ်တတ်ပြီး တစ်ကြိမ်ကနေ နှစ်ကြိမ်… နှစ်ကြိမ်ကနေ သုံးကြိမ်ဖြစ်လာပြီဆိုရင် ကိုယ့်ကိုယ်ကိုယ်ပါ ယုံကြည်မှုတွေ လျော့ကျလာတတ်ပါတယ်။

အခုပြောပြပေးခဲ့တဲ့ အချက်(၈)ချက်က တစ်ချိန်နိုင်ငံခြားမှာ ပညာသင်ဆုနဲ့ ကျောင်းတက်ချင်တဲ့ ညီလေး၊ညီမလေးတွေအတွက် “ပညာသင်ဆုလျှောက်ဖို့ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ထိ ယုံကြည်ချက်ရှိထားပြီလဲ”ဆိုတဲ့ အခုပို့စ်က အထောက်အကူဖြစ်မယ်လို့ယုံကြည်ပါတယ်။ နောက်ပြီး ပညာသင်ဆုတွေ လျှောက်စရာ အများကြီးရှိပါတယ်.. ကိုယ့်မှာရှိတဲ့အရည်အချင်းနဲ့ သူတို့လိုအပ်ချက်နဲ့ ကိုက်ညီတာမရှာဖွေနိုင် မပြင်ဆိုင်နိုင်လို့ မရသေးကြတာပါ။ ဒီအခက်အခဲတွေကို CROWN အဖွဲ့သားတွေက ကူညီပါ့မယ်။ 2022 အတွက် တကယ်ပေးနေတဲ့ ပညာသင်ဆုတွေကို https://crown.edu.mm/category/scholarships/ မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

အခြားပညာသင်ဆုတွေ တိတိကျကျကူညီရှာဖွေပေးနိုင်ဖို့ဆိုရင်တော့ ကိုယ့်မှာရှိထားတဲ့ ပညာရေးမှတ်တမ်းတွေကို www.bit.ly/crownapply မှာ ဖြည့်သွင်းထားမယ်ဆိုရင် ကိုက်ညီမှုရှိတဲ့ ပညာသင်ဆုတွေရှိလာတာနဲ့ အကြောင်းကြားပေးပါတယ်၊ အားလုံးကို ကျေးဇူးတင်ပါတယ်။

Book Appointment >